"The press is the enemy" Richard Nixon
HIV/AIDS Health Forum
ပင်မစာမျက်နှာ > သတင်း > တန်ဖိုးနည်းကုန်များ၏ နောက်ကွယ်တွင် လူကုန်ကူးမှုများရှိနေနိုင်

တန်ဖိုးနည်းကုန်များ၏ နောက်ကွယ်တွင် လူကုန်ကူးမှုများရှိနေနိုင်

အင်္ဂါ ၉ ဖေ​​ဖော်ဝါရီ 2010

မိမိ၀ယ်ယူသုံးစွဲသော ကုန်ပစ္စည်းများမှာ ရှိသင့်သောဈေးနှုန်းအောက် လျော့နည်းနေပါက နောက်ကွယ်တွင် လုပ်အားကိုခေါင်းပုံဖြတ်ခြင်း (Labour Exploitation)ကိစ္စများ ရှိနေနိုင်ကြောင်း မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂစီမံချက်၏ အမျိုးသား စီမံချက် ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချော က ပြောသည်။

အိမ်နီးချင်းနိုင်ငံများမှ လုပ်ငန်းရှင် အချို့သည် လူကုန်ကူးသူများထံမှ လုပ်သားများကို ၀ယ်ယူကာ လုပ်အားခ မပေးဘဲ ခိုင်းစေခြင်း၊ လုပ်အားခ အနည်းငယ်သာပေးခြင်း စသည်ဖြင့် မတရားခိုင်းစေကာ ထုတ်လုပ်မှုစရိတ် လျော့ချပြီး ဈေးပေါသော ထုတ်ကုန်များ ထုတ်လုပ်ကာ ဈေးကွက်အတွင်း ယှဉျပြိုင်ရောင်းချမှုများရှိကြောင်းကို ဖော်ထုတ်ရရှိသောအမှုများကို လေ့လာ၍ ယင်းက ပြောကြား ခြင်းဖြစ်သည်။

"ဈေးနည်းတဲ့ အလုပ်သမားကို ရတော့ ကုန်ကျစရိတ်သက်သာပြီး ဈေးလျော့ရောင်းနိုင်တယ်။ ဒီတော့ ပုံမှန်ထက် ဈေးသက်သာတဲ့ တချို့ပစ္စည်း တွေရဲ့နောက်ကွယ်မှာ လူကုန်ကူးခံရ တဲ့လူတွေရဲ့ ချွေးစက်တွေ၊ မျက်ရည်တွေ ရှိနေတယ်။ ဒါဟာ ကိုယ်တိုင်ကလည်း လူကုန်ကူးမှုကို သွယ်ဝိုက်အား ပေးရာရောက်ပါတယ်"ဟု ဒေါ်ဥမ္မာအိအိချော က ပြောသည်။

"ဒါပေမယ့် လက်ရှိအခြေအနေမှာ လူကုန်ကူးမှုကို သွယ်ဝိုက်အားပေးနေတယ်ဆိုတာ မပြောနဲ့၊ လူကုန်ကူးတယ်ဆိုတာတောင် လူအတော်များများက ဘာမှန်းမသိကြဘူး"ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ဒုတိယရဲမှူးကြီး ညွှန့်လှိုင်က ပြောသည်။

လူကုန်ကူးခံခဲ့ရသူများကို ပြန်လည်မေးမြန်းခြင်းများ ပြုလုပ်ရာတွင် အချို့မှာ ဘွဲ့ရပြီးသူများ၊ အခြေခံပညာအထက်တန်း အောင်မြင်ပြီးသူများပင် ပါ၀င်ပြီး အများစုမှာ လူကုန်ကူးခြင်းကို မသိရှိကြ ကြောင်း ဒုတိယရဲမှူးကြီးက ပြောသည်။

"လူကုန်ကူးတဲ့သူ တရားခံတွေက ချိုပါတာမဟုတ်ဘူး။ ထူးထူး ခြားခြားပုံစံလည်း မရှိကြဘူး။ တစ်ခါတလေ ရုပ်ရှင်ထဲမှာပါသလို ထူးထူးခြားခြားနဲ့ ရွှေတွေအများကြီး၀တ်၊ ပိုက်ဆံအိတ်ကြီး ချိုင်းကြား ညှပ်နဲ့ မိန်းမကြမ်းကြီးပုံစံတွေ မဟုတ်ကြဘူး"ဟု ဒေါ်ဥမ္မာအိအိချော က ပြောသည်။

လူကုန်ကူးသူအများစုမှာ နီးစပ်သူများကိုသာ ယုံကြည်အောင် ပြောဆို၍ လူကုန်ကူးကြကြောင်း၊ လူကုန်ကူးခံရသူများကလည်း မိမိ၏အသိမိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းများဖြစ်၍ စိတ်ချ ယုံကြည်စွာဖြင့် လိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ကယ်ဆယ်နိုင်ခဲ့သော အမှုများကို အခြေခံပြီး ပြောသည်။

"ယောကျာ်းလေးတွေက မိန်းကလေးတွေကို ချစ်သူဟန်ဆောင်ပြီး ရောင်းစားကြတယ်။ အိမ်နဲ့အဆင်မပြေတဲ့ ဆယ်ကျော်သက်တွေနဲ့ အတွေ့အကြုံသစ် ရှာချင်တဲ့သူတွေကို ပစ်မှတ်ထားကြတယ်။ ဒါကြောင့် လူကုန်ကူးခံရတဲ့သူတိုင်းက အရမ်းဆင်းရဲပြီး ပညာမတတ်တဲ့ သူတွေ မဟုတ်ကြဘူး"ဟု ယင်းက ဆက်လက်ပြောသည်။

လူကုန်ကူးမှုဖြစ်ပေါ်နိုင်သည့် အထက်ပါအခြေအနေများကို သိရှိပါက မိမိပတ်၀န်းကျင်ကို အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး ဆက်လက်၍ သွယ်ဝိုက်သော လူကုန်ကူးမှုများကိုပါ ဆန့်ကျင်လာ နိုင်မည်ဖြစ်ကြောင်း ဒေါ်ဥမ္မာအိအိချော ပြောသည်။

ထို့ပြင် လူကုန်ကူးသူအများစုမှာ အမျိုးသမီးများဖြစ်သည်ဟု သိရသည်။၂၀၀၉ ခုနှစ်အတွင်း ဖမ်းဆီးရမိသောအမှု ၄၂၉ မှုရှိပြီး တရားခံအမျိုး သမီး ၂၅၉ ဦးနှင့် အမျိုးသား ၁၇၀ ဖြစ်ကြောင်း ဒုတိယရဲမှူးကြီးက ပြောသည်။

အွန်လိုင်းတွင် ကြည့်ပါ : တန်ဖိုးနည်းကုန်များ၏ နောက်ကွယ်တွင် လူကုန်ကူးမှုများရှိနေနိုင်

SPIP | စာမျက်နှာပုံစံခွက် | | ဝဘ်ဆိုက်မြေပုံအညွှန်း | ဝက်ဘ်ဆိုက်လုပ်ဆောင်မှု နောက်ဆက်တွဲ RSS 2.0