"The press is the enemy" Richard Nixon
HIV/AIDS Health Forum
Home page > ဆောင်းပါး > အဆုတ် တီဘီ (TB) ဘေး ကာကွယ်ပါမနှေး

အဆုတ် တီဘီ (TB) ဘေး ကာကွယ်ပါမနှေး

Sunday 7 February 2010, by Zinyaw

ကမ္ဘာ့လူဦးရေ သုံးပုံတပုံလောက်မှာ တီဘီရောဂါပိုး စွဲကပ်နေပြီး နှစ်စဉ်လူပေါင်း ၂ သန်းမှ ၃ သန်း အထိ တီဘီရောဂါနဲ့ သေဆုံးနေကြပါတယ်။ ထို့အတူပဲ ငှက်ဖျားရောဂါ၊ အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ တွေဟာလည်း ကမ္ဘာပေါ်မှာရှိတဲ့ လူ ၂ သန်း၊ ၃ သန်း အသက် ဆုံးပါးနေကြရပါတယ်။


ရှေးတုန်းက တိုင်းရင်းဆေး သမားတော်ကြီးတွေရဲ့ အယူအဆအခေါ် ’မြစ်ခြောက်နာ’။ ခေတ်ပေါ် အမည်ကတော့ ချောင်းဆိုးသွေးပါ၊ တီဘီ (TB) အဆုတ်ရောဂါ။ တီဘီဖြစ်ပြီဆိုရင် ပိန်ခြောက်ပြီး အင်အားချိနဲ့ မောပမ်းလွယ်တာကြောင့် ရှေးသမားတော်ကြီးတွေက သစ်ပင်တပင် အမြစ်ခြောက်သွားရင် ရှင်သန်ဖို့ မလွယ်တာနဲ့နှိုင်းပြီး အမြစ်ခြောက်တဲ့ သစ်ပင်ပမာ ဖြစ်စေတဲ့ရောဂါ ’မြစ်ခြောက်နာ’လို့ ခေါ်ဝေါ် သတ်မှတ်ကြတယ်ထင်ပါရဲ့။

ကမ္ဘာ့လူဦးရေ သုံးပုံတပုံလောက်မှာ တီဘီရောဂါပိုး စွဲကပ်နေပြီး နှစ်စဉ်လူပေါင်း ၂ သန်းမှ ၃ သန်း အထိ တီဘီရောဂါနဲ့ သေဆုံးနေကြပါတယ်။ ထို့အတူပဲ ငှက်ဖျားရောဂါ၊ အိတ်ချ်အိုင်ဗွီ/ အေအိုင်ဒီအက်စ် ရောဂါ တွေဟာလည်း ကမ္ဘာပေါ်မှာရှိတဲ့ လူ ၂ သန်း၊ ၃ သန်း အသက် ဆုံးပါးနေကြရပါတယ်။

ဒါဖြင့်ရင် အဆုတ်ရောဂါ၊ တီဘီဆိုတာ စိုးရိမ်စရာ၊ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့စရာလား။ ကုရခက်တဲ့၊ ကုသမရနိုင်တဲ့ ရောဂါလား။ ရှေးယခင်နှစ်ကာလများစွာ တုန်းကတော့ ချောင်းဆိုးသွေးပါ၊ အဆုတ်ရောဂါ တီဘီဖြစ်ရင် အစွမ်းထက်တဲ့ ဆေးဝါးတွေကလည်း မပေါ်သေး။ ထိရောက်တဲ့ ကုထုံးတွေကလည်း မရှိသေးတဲ့ အတွက် တီဘီဖြစ်ပြီဆိုရင် ဝဋ်နာကံနာ (ဘဝကုသိုလ်ကံ အကျိုးပေး မကောင်းလို့ ရတဲ့ရောဂါ) တခုလို သဘောထား ခဲ့ကြရပါတယ်။

မြန်မာနိုင်ငံသား၊ တိုင်းရင်းသား လူမျိုးစုပေါင်းစုံတွေကြားမှာ အဆုပ်ရောဂါနဲ့ အသက်ဆုံးရှုံး သွားခဲ့ရသူတွေ ကိုလည်း ကံမကောင်း၊ အကြောင်းမလှလို့ လူ့ဘဝဇာတ်ခုံက စွန့်ခွာသွားရသူတွေလို့ ရှုမြင်ကြပါတယ်။ ချောင်းဆိုးသွေးပါ၊ အဆုတ်နာ (တီဘီ)ဖြစ်ပြီဆိုရင် အဆင့်မြင့်တဲ့ ရောဂါအဆင့် ရောက်သူတွေမှာ တဟွတ်ဟွတ်နဲ့ ချောင်းခြောက်တွေ ဆိုးရာကနေ သွေးစ၊ သွေးခဲ၊ သွေးအရည် နီရဲရဲတွေပါ လူမြင်ကွင်း ရှုမြင်ရသူတွေအဖို့ တွေ့လေ့ရှိတာမို့ လူအများက ကူးစက်မှာ ကြောက်ရွံ့ပြီး နှာခေါင်းပိတ်၊ ဝေးဝေးကရှောင်ကြ။ တချို့ဆိုရင် ဘဝကြင်ဖော်အဖြစ် ရွှေလက်တွဲဖို့ စီစဉ်ဆုံးဖြတ်ထားတဲ့ ချစ်သူစုံတွဲတွေတောင် လက်တွဲဖြုတ်ကြနဲ့၊ လူမှုအသိုင်းအဝိုင်းက ဖယ်ရှားခံခဲ့ရသူတွေပါ။

တနည်းအားဖြင့်တော့ HIV/AIDS ရောဂါ မပေါ်သေးခင် ကာလတွေတုန်းကဆိုရင် တီဘီရောဂါသည်တွေဟာ ခုခေတ်မှာလိုပဲ လူမှုပတ်ဝန်းကျင်က စိုးရိမ်ကြောက်ရွံ့စိတ်နဲ့ စွန့်ခွာကျဉ်ခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ပြဿနာ တခုကလည်း ကုတဲ့ဆေးတွေတော့ ပေါ်လာပါရဲ့ ကုပုံကုထုံးက တီဘီကုဆေးတွေကို အနည်းဆုံး (၆) လ၊ တနှစ်ခွဲ၊ နှစ်နှစ်အထိ သောက်ရ၊ ထိုးရ။ ဒီကြားထဲ ဆေးရဲ့ဘေးထွက်အာနိသင် ကလည်း ပြင်းထန်ဆိုတော့ ဝေဒနာရှင် တော်တော်များများဟာ ဆေးကို မှန်မှန်မသောက်၊ မထိုးချင်ကြ၊ ရေရှည်မကုချင်ကြနဲ့ ကြာတော့လည်း အစွမ်းထက်တဲ့ ဆေးတွေတောင် ယဉ်ပါးကုန်ပြီး ဆေးမတိုးတော့တဲ့ ပြဿနာတမျိုး ပေါ်လာပြန်ပါရော။

ဒါဆိုရင် အဆုတ်နာရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလည်းဆိုတာ စာရှုသူများ သိချင်ကြမှာပါ။ သိလည်း သိရှိထားသင့်ပါတယ်။ အမှန်မှာတော့ ချောင်းဆိုးသွေးပါ၊ အဆုတ်နာ(တီဘီ)ဆိုတာ ကူးစက်တတ်တဲ့ ရောဂါတမျိုးဖြစ်သလို ခုခေတ်ကာလမှာ ကာကွယ်လို့ရတဲ့ရောဂါ တခုလည်း ဖြစ်ပါတယ်။ ကုသလို့မရတဲ့ရောဂါ မဟုတ်တော့ပါဘူး။ ဒါပေမယ့် သတိထားစောင့်ကြည့်ပြီး ဆေးယဉ်ပါးသွားတဲ့အဆင့် မရောက်အောင်တော့ အားလုံးဂရုစိုက် ကြပ်မတ်ကြဖို့ လိုအပ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်များအရ STOP TB ခေါ်တဲ့ စီမံချက်တွေ DOTS (Di-rectly Observed Therapy Short Course) တိုက်ရိုက်စောင့်ကြည့် အချိန်တိုကုထုံးလို့ခေါ်တဲ့ အဆုတ်နာရောဂါ ကုထုံးသစ်နဲ့ BCG ကာကွယ်ဆေးထိုးမှု တွေကြောင့် ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းလာတယ်ဆိုပေမယ့် တဘက်မှာ ဆေးယဉ်ပါးပြီး ဆေးမတိုးတဲ့ တီဘီဆိုတဲ့ ခြိမ်းခြောက်မှု အသစ်တခု ကမ္ဘာပေါ်မှာ ပေါ်ပေါက်ပြီး တစတစ ကြီးထွားလာနေတာကိုတော့ အားလုံး သတိချပ်ကြရပါလိမ့်မယ်။

အဆုတ်နာ တီဘီရောဂါကို ကူးစက်ဖြစ်ပေါ်စေတာဟာ ဗက်တီးရီးယား ရောဂါပိုးတမျိုးဖြစ်တဲ့ မိုင်ကိုဗက်တီးရီးယားအုပ်စုဝင် မိုင်ကိုဗက်တီးရီးယမ်းဘိုးဗစ်နဲ့ မိုင်ကိုဗက်တီးရီးယမ်း အာဖရိကင် တို့ကြောင့်ပါ။ လေကတဆင့် ကူးစက်ပျံ့ပွားစေပါတယ်။ ရောဂါကို စတင်ပျံ့ပွားစေတဲ့ အရင်းအမြစ်ဟာ Pulmonary TB (Lungs TB) ခေါ်တဲ့ ချောင်းဆိုးသွေးပါ တီဘီရောဂါသည်တွေရဲ့ ချောင်းဆိုးရာကတဆင့် ရောဂါပိုးပါရှိတဲ့ သလိပ်မှုန်မွှားများ လေထုထဲမှာ ပျံ့လွင့်မှုကို ရှူရှိုက်မိခြင်းဖြင့် ကူးစက်တာဖြစ်ပါတယ်။

ခုချိန်ထိ ယေဘုယျလက်ခံ ထားတာက အစားအသောက်၊ ရေ၊ လိင်ဆက်ဆံခြင်း၊ သွေးသွင်းခြင်း၊ ခြင်ကိုက်ခံရခြင်းတွေကနေ အဆုတ်ရောဂါ (တီဘီ) မကူးစက် စေနိုင်ပါဘူး။ တီဘီရောဂါပိုးရှိသူ လူနာတွေရဲ့ မဆင်မခြင်ချောင်းဆိုးတာ၊ နှာချေတာ၊ တံတွေးထွေးတာ၊ စကားပြောဆို၊ သီချင်းဆိုတဲ့အခါ လေထဲကို ရောဂါပိုးမွှားတွေဟာ အမှုန်အမွှားအဖြစ် ပျံ့လွင့်စေပြီး ကူးစက်မှုကို ဖြစ်စေပါတယ်။ အထူးသဖြင့် အလုံပိတ်နေတဲ့ အခန်းမှာဆိုရင် ပိုဆိုးပါတယ်။

ဒါကြောင့် အဆုတ်နာ တီဘီရောဂါရှိသူတွေဟာ ချောင်းဆိုး နှာချေတဲ့အခါ ’ချောင်းဆိုး၊ နှာချေခြင်းဆိုင်ရာ ယဉ်ကျေးမှု’ လို့ ခုချိန်မှာ ခေတ်စားစွာ သုံးနေတဲ့ ’တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ အပြုအမူကို လေ့ကျင့်ပျိုးထောင်ပြီး လက်တွေ့ကျင့်သုံးရပါမယ်။ ဒါမှလည်း တဦးကိုတဦးရောဂါပျံ့ပွား ကူးစက်မှုကို တားဆီးကာကွယ်နိုင်မှာပါ။

တီဘီရောဂါပိုးဟာ နေရောင်ခြည်နဲ့ ထိတွေ့ရင် ငါးမိနစ်အတွင်း သေကြေပျက်စီးနိုင်ပေမယ့် မှောင်တဲ့နေရာမှာတော့ အတော်ကြာကြာ အသက်ရှင်နိုင်ပါတယ်။ ကဲ ဒါဖြင့်ရင် ချောင်းဆိုးတဲ့ လူနာနဲ့ အတူရှိတိုင်း ကူးနိုင်သလား။ ဘယ်လိုလူတွေ ပိုပြီးရောဂါ ရနိုင်သလဲ။ ရောဂါပိုးဝင် ကူးစက်မှုဟာ လူတိုင်းကို ဖြစ်စေနိုင်သလား။ ကြည့်ကြရအောင်။

ဒီနေရာမှာ စပြီးရှင်းပြချင်တာက ရောဂါပိုးဝင်ကူးစက်ခြင်းဆိုတာနဲ့ ရောဂါတကယ် ဖြစ်ပေါ်ခံစားခြင်း ဆိုတာပါပဲ။

ရောဂါပိုးဝင် ကူးစက်ခံရခြင်းဆိုတာ ရောဂါပိုးနဲ့ ထိတွေ့မိတာဖြစ်ပြီး၊ အဆုတ်နာရောဂါ-တီဘီ ရှိတယ်ဆိုတာ ရောဂါပိုးနဲ့ ထိတွေ့ခဲ့ပြီး တီဘီရောဂါတကယ်ဖြစ်ပေါ်ခံစား၊ ရောဂါလက္ခဏာများ ရှိတာကို ဆိုလိုပါတယ်။ အဆုတ်နာ တီဘီရောဂါကို ဆေးပညာ အခေါ်အဝေါ်နဲ့ ’ကျူဘာကူလိုးစစ်’လို့ ခေါ်ပါတယ်။

ဘာဖြစ်လို့ ဒီလိုခွဲခြား ရှင်းပြရသလဲဆိုတော့ တီဘီရောဂါပိုး ကူးစက်ခံရသူတိုင်းဟာ တီဘီရောဂါလက္ခဏာရှိတဲ့ ရောဂါဝေဒနာသည် မဖြစ်နိုင်တာကြောင့်ပါ။ ရောဂါပိုး ကူးစက်ခံရသူတွေထဲမှာ ၁ဝ% လောက်သာ အဆုတ်နာ တီဘီရောဂါရှိသူ ဝေဒနာသည်တွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ရောဂါရှိသူ တဦးကနေ တခြားသူတွေကို ကူးစက်နိုင်မှုမှာ ကျတော့ ကူးစက်စေနိုင်မှုဟာ မြင့်ပါတယ်။

ဥပမာ တီဘီရောဂါပိုးရှိသူ၊ ရောဂါကူးစက်စေနိုင်သူတဦးဟာ သူ့သက်တမ်းမှာ လူအယောက် (၂ဝ) ကို ကူးစက်နိုင်တယ်ဆိုပါစို့။ အဲဒီလူ (၂ဝ)ထဲက ၁ဝ%ဖြစ်တဲ့ ၂ ဦးဟာ တီဘီရောဂါဝေဒနာသည် ဖြစ်နိုင်ပါတယ်။ တဦးက တီဘီပိုး သလိပ်မှာတွေ့တာ ဖြစ်နိုင်ပြီး နောက်တဦးဟာ သလိပ်ပိုး မတွေ့သူ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် အဆုတ်နာရောဂါ တီဘီပိုးသလိပ်မှာ ရှိသူတဦးဟာ အနည်းဆုံး လူ ၂ ဦးကို တီဘီရောဂါ ရစေနိုင်တယ် ဆိုတာပါပဲ။

ရောဂါပိုးဝင်ကူးစက်ခံရပြီး ရောဂါရှိသူတွေထဲက ၉ဝ%ဟာ ရောဂါပိုးဝင် ကူးစက်ခံရပြီး ပထမ (၅)နှစ်အတွင်းမှာ ရောဂါလက္ခဏာပေါ်နိုင်ပြီး ၁ဝ%လောက်သာ ရောဂါလက္ခဏာပေါ်ဖို့ (၁ဝ)နှစ်ခန့်အထိ ကြာနိုင်ပါတယ်။ ဒါဆိုရင် စာရှုသူမိတ်ဆွေအနေနဲ့ အဆုတ်နာတီဘီရောဂါ လက္ခဏာရှိသူဆီကထွက်တဲ့ တီဘီရောဂါပိုး ပါရှိတဲ့ သလိပ်ဟာ ရောဂါ အင်မတန်ကူးစက်လွယ်တဲ့ အရာဆိုတာ သိမြင်နိုင်ပါပြီ။

ရောဂါပိုးဝင်ကူးစက်ခံရသူတွေထဲက ၁ဝ%လောက်သာ တီဘီရောဂါသည်တွေ ဖြစ်နိုင်တယ်ဆိုတာ ဘာကြောင့်လဲ။ လူတဦးနဲ့တဦး ကိုယ်ခံစွမ်းအား၊ ခံနိုင်ရည်တွေ တယောက်နဲ့တယောက် မတူကြတော့ အဲဒီအ ချက်ပေါ် အဓိကမူတည်ပြီးတော့ရယ်၊ နဂိုကတည်းက ရောဂါအခံ ရှိ/မရှိ ဆိုတာတွေကြောင့်ပါ။ ဒီလိုဆိုရင် ဘယ်သူတွေဟာ တီဘီရောဂါအလွယ်တကူ ကူးစက်ခံရပြီး တီဘီရောဂါသည်တွေ ဖြစ်နိုင်သလဲ။ ဆေးပညာမှာ ဒီလို လူတွေကို ’ရောဂါရလွယ်သူ’ တွေလို့ ခေါ်ပါတယ်။

အဲဒီလို လူအမျိုးအစားတွေကတော့ သလိပ်ထဲမှာ ရောဂါပိုးတွေ့ရှိသူ၊ တီဘီရောဂါရှင်တွေနဲ့ ပိတ်လှောင်နေတဲအခန်း ဒါမှမဟုတ် အိမ်တွင်းမှာ အချိန်ကာလကြာမြင့်စွာ အတူတကွ လက်ပွန်းတတီး နေထိုင်သူတွေ၊ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်များနဲ့ ကလေးသူငယ်များ၊ အိတ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ် ခေါ် ကိုယ်ခံစွမ်းအား ကျဆင်းရောဂါ၊ အခြားကိုယ်ခံစွမ်းအား လျော့နည်းနေသူတွေဖြစ်တဲ့ အာဟာရချို့တဲ့သူတွေ၊ ဆီးချိုဝေဒနာသည်၊ အရက်သေစာကြာမြင့်စွာ သုံးစွဲသူ၊ ခံနိုင်ရည်စွမ်းအား ကျဆင်းစေတဲ့ ဆေးဝါးသုံးစွဲသူတွေ၊ နောက်ဆုံးနဲ့ အရေးကြီးတဲ့ သူတွေကတော့ ဆေးလိပ်ကြာမြင့်စွာသုံးစွဲရှူရှိုက်သူတွေပါပဲ။

ရောဂါစတင်စွဲကပ် ပေါ်ပေါက်လာပုံ

သလိပ်ထဲမှာ တီဘီရောဂါပိုးရှိနေသူ တီဘီရောဂါသည်တွေ မဆင်မခြင် ချောင်းဆိုး၊ နှာချေ၊ တံတွေးထွေး၊ စကားပြော၊ သီချင်းဆိုတဲ့အခါ လေထဲကို ရောဂါပိုးတွေ ပျံ့လွင့်စေပြီး ဒါကိုရှူရှိုက် မိတာကြောင့် တီဘီရောဂါပိုးဝင် ကူးစက်မှု အစပြုတာပါ။ အဆုတ်ထဲကို အသက်ရှူရှိုက်ရာက ဝင်ရောက်ပြီးတဲ့နောက် တီဘီရောဂါပိုးဟာ အဆုတ်ရဲ့အသေးဆုံး တည်ဆောက်မှု အစိတ်အပိုင်း ဆဲလ်ယူနစ် (လေအိတ်ကလေး) တွေဆီကို ရောက်ရှိ ခိုအောင်းပြီး အဲဒီ Focus ကနေ တဖြည်းဖြည်း တီဘီအဆုတ်ရောဂါ စတင်ပါတယ်။

ကလေးသူငယ်တွေမှာ အဲဒီလို ရောဂါပိုးဝင်ပြီး လင့်သငန်ရည်ကြိတ် ယောင်ယမ်းကြီးထွားမှု တွေနဲ့အတူ တီဘီအနာတွေ၊ ဓာတ်မှန်မှာတွေ့ရှိတာကို တီဘီရောဂါနာ အစ (Pri-mary complex) လို့ ခေါ်ပါတယ်။

ဒီလိုနဲ့ တဖြည်းဖြည်းအဆုတ်ထဲမှာ တစတစကြီးထွားလာပြီး သွေးကတဆင့် ရောဂါပျံ့နှံ့ပြီး တခြားကိုယ်အင်္ဂါ အစိတ်အပိုင်း (အရိုး၊ အူ၊ အရေပြား၊ ကျောက်ကပ်) စတဲ့နေရာတွေကို ရောဂါပျံ့တာ၊ အသက်ရှူလမ်းကြောင်း နေရာစုံ၊ လေပြွန်ကြီး၊ လေပိုက်၊ လည်ချောင်း၊ အာခေါင်တွေဆီမှာလည်း ရောဂါဖြစ်ပေါ်စေပါတယ်။

အဆိုးဆုံးအဆင့်မှာတော့ အဆုတ်ထဲမှာရှိတဲ့ တီဘီရောဂါ အနာ တဖြည်းဖြည်းလှိုက်စားပြီး ဂလိုဏ် ဖြစ်ပေါ်ပါတယ်။ နောက်ပိုင်းမှာ တစတစနဲ့ လေပြွန်နား အထိပါ ဆက်မိတဲ့အခါ အဆိုးဆုံး ဖြစ်သွားပါတော့တယ်။ အဲဒီလို ရောဂါသည်တွေဟာ ချောင်းဆိုးတဲ့အခါ သွေးနီရည်ကျဲကျဲသာ မကဘဲ သွေးခဲတွေပါ ပါဝင်တာကြောင့် တခြားလူတွေဆီကို အလွယ်တကူ ကူးစက်နိုင်သူတွေပါ။ Open Caseလို့ခေါ်နိုင်ပါတယ်။

တီဘီရောဂါ ဘယ်နှမျိုး ရှိပါသလဲ

အဖြစ်အများဆုံးက အဆုတ်တွင်းတီဘီနဲ့ အဆုတ်ပြင်ပတီဘီရယ်လို့ အဓိကနှစ်မျိုးရှိပြီး ဒုတိယ အမျိုးအစား အဆုတ်ပြင်ပ တီဘီမှာ အဖြစ်အများဆုံး ဖြစ်နိုင်တဲ့နေရာတွေကတော့ ဦးနှောက် အမြှေးပါး၊ ဝမ်းဗိုက်(အူ)၊ လင့်သငန်ရည်ကြိတ် (အထူးသဖြင့် လည်ပင်း)၊ အဆုတ်အမြှေးပါး၊ အရိုး၊ အဆစ်၊ ကျောရိုးခါးဆစ်၊ နှလုံးမြှေးတွေ ဖြစ်ပါတယ်။ နောက်ထပ် အဖြစ်နည်းပေမယ့် ဖြစ်နိုင်တဲ့နေရာ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေက ကျောက်ကပ်၊ အက်ဒရီးနယ်ဂလင်း၊ အရေပြား၊ ကျား/မ လိင်အင်္ဂါအစိတ်အပိုင်း (ဝှေးစေ့၊ မမျိုးဥအိမ်) တို့ပါ။

တီဘီရောဂါ လက္ခဏာများ

ပထမဆုံး စဉ်းစားရမှာက တီဘီရောဂါနဲ့ ထိတွေ့မှု ဖြစ်နိုင်တဲ့ ရာဇဝင် ဖြစ်ပါတယ်။ ရောဂါရှိသူတွေနဲ့ အတူနေ၊ ထိတွေ့မှုရှိ/မရှိ စုံစမ်းမေးမြန်းဖို့ပေါ့။ ရောဂါလက္ခဏာတွေထဲမှာ ချောင်းဆိုးတာဟာ အရေးကြီး လက္ခဏာတခုပါ။ ၂ ပတ်၊ ၃ပတ်၊ ၁ လထက်ကြာတဲ့ ချောင်းဆိုးတာ၊ (သလိပ်ပါချင် ပါမယ်)၊ (သွေးနီရည်၊ သွေးတုံး၊ သွေးခဲပါမယ်)၊ ရင်ဘတ်နာတာ၊ အသက်ရှူခက်တာတွေအပြင် ညနေပိုင်း ဖျားတာ၊ ညဘက်အိပ်ရင်း ချွေးတအားထွက်တာ၊ အစားအသောက်ပျက်တာ၊ ခန္ဓာကိုယ်အလေးချိန် ကျတာတွေ ဖြစ်ပေါ်ပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေးထိန်တာ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာကျတော့ လည်ပင်းမှာ စမ်းကြည့်ရင် လည်ပင်းဘေး(၂) ဖက်မှာ အစိအစိနဲ့ တွဲပြီး မာတဲ့အကြိတ် စမ်းသပ် သိရှိနိုင်သလို၊ ကလေးတွေချောင်းဆိုးတာ၊ အစာကောင်းကောင်းမစား (ခံတွင်းပျက်) ပိန်တာ၊ ခေါင်းချွေးညဘက် ထွက်တာတွေ ရှိပါတယ်။ ဆရာဝန်၊ ဆေးဝန်ထမ်းတွေ စမ်းသပ်တွေ့ရှိနိုင်တဲ့ လက္ခဏာ တွေကတော့ အဖျားတက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ လက်သည်းလက်ထိပ် တင်းပုတ်လို ဖုထစ်ခြင်း၊ နားကြပ်နဲ့နားထောင် ကြည့်ရင် စက်ကူရွက်ကြမ်းတွေ ပွတ်ချေနယ်လို့ ထွက်တဲ့အသံမျိုး၊ တရွီရွီမြည်တဲ့အသံ၊ မီးဖိုထဲ မီးမွှေးစဉ် မီးတောက်လောင်အောင် လုပ်တဲ့အခါသုံးတဲ့ မီးပြောင်းမှုတ်သလိုအသံ၊ BBS (Bronchial Breath Sound) Amphoric Breathng စတဲ့အသံမျိုးစုံ ကြားနိုင်ပါတယ်။ တီဘီအဆုတ်ရောဂါ မသင်္ကာစရာ လက္ခဏာတွေတွေ့ပြီဆိုပါတော့ ရောဂါရှာဖွေမှုမှာ ဘာတွေဆက်လုပ်ဖို့ လိုပါသလဲ။

ရောဂါ ရှာဖွေစမ်းသပ်မှု

အရေးအကြီးဆုံးက ပထမဆုံး တီဘီရောဂါလက္ခဏာရှိသူတွေဟာ အဆုပ်ရောဂါ တီဘီပိုးတွေ့ရှိသူ၊ ဆေးဝါးကုသမှု ခံယူနေသူတွေနဲ့အတူ လက်ပွန်းတတီး အချိန်ကြာမြင့်စွာ နေထိုင်မှုရှိ/မရှိစုံစမ်းဖို့ လိုပါတယ်။ အထူးသဖြင့်ဒီလို လူနာရဲ့ ရာဇဝင်မှာ တီဘီ ရောဂါရှိသူနဲ့ ထိတွေ့မှု၊ တီဘီပိုးနဲ့ ထိတွေ့မှုရှိ/မရှိဟာ ကလေးသူငယ်တွေနဲ့ လူနာအတော်တော်များများမှာ အရေးကြီးပါတယ်။ ကလေးသူငယ်တွေမှာ လူကြီးတွေလို သလိပ်စစ်ရောဂါပိုး ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။ သုတေသနပြုချက်တွေအရ သိရတာက ရောဂါဖြစ်သူနဲ့ တအိမ်ထဲမှာ အချိန်ကြာမြင့်စွာ အတူတကွ နေထိုင်ကြရင် ၂ဝ.၂% ကူးစက်နိုင်မှုရှိပြီး ရောဂါရှိသူ ဆွေမျိုး၊ မိတ်သင်္ဂဟ သူငယ်ချင်းတွေနဲ့ ထိတွေ့အတူနေမှုကြောင့် ၃.၇% ကူးစက်နိုင်ခြေရှိသလို အလုပ်ခွင်မှာ ရောဂါရှိသူ မိတ်ဆွေနဲ့ အတူနေထိုင်လုပ်ကိုင်ရင်း ဝ.၃% ကူးစက်ခံရနိုင်ခြေ ရှိတယ်လို့ဆိုပါတယ်။ ရောဂါရှိသူလူနာနဲ့ ထိတွေ့မှု ရာဇဝင် ရှိ/မရှိသိပြီးရင် နောက်ထပ်ရောဂါရှာဖွေရေး အဆင့်တွေက သလိပ်နမူနာယူ တီဘီပိုးရှိ/မရှိ စစ်ဆေးခြင်း၊ ပိုးမွေးမြူလေ့လာခြင်းတို့ပါပဲ။ ကလေးတွေနဲ့ တချို့လူနာတွေအတွက် ကျူဘာကူလင်စမ်းသပ်မှုဆိုတာကို လုပ်လေ့ရှိပါတယ်။ အဲဒါကတော့ လူနာဟာ တီဘီရောဂါပိုးနဲ့ တချိန်ချိန်မှာ ထိတွေ့ခဲမှု ရှိ/မရှိ စမ်းသပ်တာပါ။ ကလေး တီဘီ လူနာတွေရောဂါရှာဖွေမှုမှာ အင်မတန် အသုံးဝင်ပါတယ်။ Man Toor Test (မန်တူစမ်းသပ်မှု)၊ Mono Test (မိုနိုစမ်းသပ်မှု)နဲ့ Time Test ဆိုပြီး သုံးမျိုးရှိပါတယ်။

ကျူဘာကူလင် စမ်းသပ်မှုအ တွက် ဘယ်ဘက်လက်ဖျံအတွင်းပိုင်းပေါ်မှာ ဏဏီ PPD (Purified Pro-tein Derivative) ဆိုတာကို အရေပြားပေါ်မှာ Intradermac ထိုးပြီးနောက် ၄၈ မှ ၇၂ နာရီအကြာမှာ ပေါ်ပေါက်လာတဲ့ အရေပြား အသီးထလာမှု (Induration) အရွယ်ကို တိုင်းပြီး စမ်းသပ်တာပါ။ ဒီနေရာမှာ အဲဒီစမ်းသပ်မှု (Induration) ဖြစ်တာနဲ့ တီဘီရောဂါရှိပြီလို့ တထစ်ချ မဆိုနိုင်ပါဘူး။ တီဘီရောဂါပိုးနဲ့ ထိတွေ့ပိုးဝင်ကူးစက်မှု ရှိဖူး တယ် ဆိုတာသာ ပြပါတယ်။

ကလေးတွေ အထူးသဖြင့် ငါးနှစ်အောက် ကလေးတွေမှာ Tuberculin Test အားကောင်းစွာ +ve ဖြစ်ရင် လွန်ခဲ့တဲ့ (၆) ပတ် ကျော်လောက်မှာ တီဘီပိုးနဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ကောက်ချက်ချ နိုင်ပါတယ်။ တခု သတိထားရမှာ t.t (-) ve ဖြစ်ခဲ့ရင် တီဘီရောဂါ မရှိနိုင်ဘူးလို့ မယူဆနိုင်ဘူး ဆိုတာပါပဲ။ တခြားစမ်းသပ်မှုတွေနဲ့ ရောဂါရှာဖွေ စစ်ဆေးရပါအုံးမယ်။

တီဘီရောဂါပိုး (တီဘီပိုးဟာ ဓာတ်ခွဲခန်း စမ်းသပ်မှုတွေ့ရှိချက်အရ AFB=Acid Fast Bacilli) လို့ ခေါ်ပါတယ်။ သလိပ်ကို သုံးရက် ဆက်စစ်ရပါတယ်။ အကောင်းဆုံး သလိပ်နမူနာဟာ မနက်စောစော ချောင်းဆိုးတဲ့အခါ ထွက်တဲ့သလိပ်ပါ။ တံတွေးတို့၊ ချွဲတို့ မဖြစ်ရပါဘူး။ (တကယ်ရောဂါပိုး ရှိသူဆိုရင် ပထမနေ့မှာ ၈၅% အထိ AFB ပိုး တွေ့နိုင်ပြီး ဒုတိယရက်ဆိုရင် ၁ဝ%လောက်ပဲ တွေ့တတ်ပါတယ်။) ရောဂါပိုးမွေးလေ့လာမှုဟာ အဖြေသိရဖို့ အချိန်ယူ ဆောင်ရွက်ရတာမို့ ရောဂါအတည်ပြုဖို့သာ အများအားဖြင့် သုံးလေ့ရှိပါတယ်။ နေရာတိုင်း ဆောင်ရွက်ဖို့လည်း မလွယ်ပါဘူး။ နောက်ဆုံး ရောဂါအတည်ပြုဖို့ ရောဂါရှာဖွေရေးမှာ သုံးတာက ရင်ဘတ်ဓာတ်မှန်ရိုက် စစ်ဆေးမှုပါပဲ။ အထူးသဖြင့် သလိပ်ပိုး စစ်ဆေးရာမှာ မတွေ့သူတွေနဲ့ ကလေး တီဘီလူနာတွေကို ရင်ဘတ် ဓာတ်မှန်ရိုက် ရောဂါရှာဖွေကြပါတယ်။

တခြားရောဂါရှာဖွေစစ်ဆေး နည်းတွေကတော့ သငန်ရည်လင့်အကြိတ်ကို အပ်ဖြင့်စိုက်ပြီး စုပ်ယူ စစ်ဆေးမှု၊ ရိုးတွင်းချဉ်ဆီစစ်ဆေးမှု၊ ဦးနှောက်နဲ့ ကျောရိုးနာဗ်ကြောမမှု CSF အရည်စစ်ဆေးမှု၊ ဝမ်းတွင်းခေါင်း အရည်စစ်ဆေးမှု၊ ကလေးတွေမှာ Gastric Rashing Aspirate Test စတာတွေကို လုပ်လေ့ရှိပါတယ်။ နောက်ဆုံးမှာ တီဘီရောဂါ ရှိနေပြီဖြစ်ကြောင်း အတည်ပြုပြီးဆိုပါစို့ ကုသပေးဖို့ စဉ်းစားရာမှာ အရင်ကဆိုရင် စထရက်တိုမိုင်ဆင် ထိုးဆေး၊ အိုက်ဆိုနိုက်ရာဇစ်၊ PAS ဆိုတဲ့ ဆေးတွေနဲ့ တနှစ်ခွဲ နှစ်နှစ်နီးပါး ကုသရပါတယ်။ ခုနောက်ဆုံး သုံးစွဲနေတဲ့ ကုထုံးကတော့ DOTS (Directly Observed Therapy) Short Course တိုက်ရိုက်စောင့်ကြည့် အချိန်တိုကုထုံးဖြစ်ပါတယ်။ တီဘီရောဂါကုသဖို့အတွက် အဓိက ဆေး(၅)မျိုးရှိပါတယ်။ အိုက်ဆိုနိုက်ယာဇစ်၊ ရီဖန်ပဆင်၊ ပိုင်ရာဇီနာမိုက်၊ အီသမ်ဗျူတော၊ စထက်တိုမိုင်ဆင်၊ တခါတရံ သိုင်ရာဆီတာဇုံး၊ ပီအေအက်စ် ဆိုတာတွေ ဖြစ်ပါတယ်။

ဒီဆေးတွေကို အများအားဖြင့် အနည်းဆုံး ၂ မျိုး ရံဖန်ရံခါ ၃မျိုး (သို့) ၄ မျိုးတွဲပြီး အတူတကွ သုံးလေ့ရှိပါတယ်။ ဒီလိုတွဲသုံးရတဲ့ အကြောင်းကတော့ တီဘီဆေး တရပ်ပေါ်မှာ တီဘီဘက်တီးရီးယား ရောဂါပိုးက ယဉ်ပါးသွားကာ ဆေးစွမ်းဆောင်မှု ရပ်ဆိုင်းသွားခြင်း (အဓိပ္ပါယ်မှာ တီဘီ ဘက်တီးရီးယားမှ ဆေးအပေါ် တုံ့ပြန်အား ရှိသွားခြင်း၊ ဆေးမတိုးခြင်းတို့ ဖြစ်ပေါ်မှုမှ ကာကွယ်ခြင်း ဖြစ်ပါတယ်။) အဲဒါကြောင့် တီဘီရောဂါ ခံစားနေရသူတဦးကို ဘယ်သောအခါမှ ဆေးတမျိုးထဲ မပေးရပါဘူး။ တီဘီပိုးဟာ တချိန်ထဲ ဆေး ၂မျိုး (သို့) ၃မျိုးထက် အထက်မှာ ဆေးယဉ်ပါးမှုဖြစ်ဖို့ အလွန်ခက်ပါတယ်။ တီဘီဆေးများကို များသောအားဖြင့် အဆင့် (၂)ဆင့်နဲ့ ပေးလေ့ရှိပါတယ်။ ရှေးဦးပဏာမအဆင့်မှာ များသောအားဖြင့် ၂ လကြာပြီး ဆေး (၃) မျိုး (သို့) ၄မျိုး ကို အတူတကွ သုံးပါတယ်။

ဆက်လက်ကုသမှု အဆင့်မှာတော့ (၄)လ သို့မဟုတ် (၇)လကြာပြီး ဆေး (၂)မျိုး (သို့) ၃မျိုး အတူတကွ သုံးရပါတယ်။ သာမန်အားဖြင့် ဆေးကို နေ့စဉ်ပေးရပါတယ်။ နေ့စဉ် (သို့) တပတ်(၃)ကြိမ် (ဆေးအားပိုမိုမြှင့်ပြီး)လည်း ပေးနိုင်ပါတယ်။ ဘယ်လိုပဲ ဆေးအတွဲ ကုထုံးကိုသုံးသုံး သတ်မှတ်ထားတဲ့ ကုထုံးအတွဲနဲ့ ဆေးအချိန်အဆ၊ ဆေးသောက်မှု ကာလကိုတော့ အတိအကျ လိုက်နာရပါမယ်။

ကုထုံးကာလဟာ ဆေးအတွဲပေါ်လိုက်ပြီး တနှစ်၊ ကိုးလ၊ ရှစ်လ၊ ခြောက်လ စသည်ဖြင့်ရှိပြီး အတိုဆုံး ကာလကုထုံးဟာ 2 HRZE (အိုက်ဆိုနိုက်ယာဇစ် -H) (ရီဖန်ပဆင် -R) (ပိုင်ရာဇီနာမိုက် -Z) (အီသမ်ဗျူတော -E) ၄ မျိုးကို ၂ လအနည်းဆုံးပေးပြီး 4HR အိုက်ဆိုနိုက်ယာဇစ် H နဲ့ ရီဖန်ပဆင် R ကို ဆက်လက်ပြီး ၄လ၊ စုစုပေါင်း (၆)လ အပြည့်ဖြစ်ပါတယ်။

တီဘီရောဂါမှာ သုံးတဲ့ဆေးတွေဟာ အစွမ်းထက်မြက်သလို တဘက်မှာလည်း မလိုဘားအပ်တဲ့ ဘေးထွက်ဆိုးကျိုး အာနိသင်တွေ ရှိတာကို သတိထားရပါမယ်။ ဥပမာ စထရက်တိုမိုင်ဆင် ထိုးဆေးဟာ ကြာရှည်စွာသုံးရင် နားလေးခြင်း၊ ကျောက်ကပ်အားနည်းခြင်းကို ဖြစ်စေပါတယ်။ ပိုင်ရာဇီနာမိုက်က အသည်းလုပ်အား ဆုတ်ယုတ်တတ်ခြင်း၊ ဂေါက်အဆစ်လောင်ခြင်းတွေကို ဖြစ်စေပါတယ်။ အီသမ်ဗျူတောရဲ့ ဘေးထွက်အာနိသင်က မျက်စိမြင်အား ထိခိုက်တာကြောင့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုတွေကို မပေးရပါဘူး။ သိုင်ရာဆီတာဇုံးဆိုရင် တချို့လူတွေမှာ အရေပြား အဖုအပိန့်ထွက်စေတာမို့ သွေးဓာတ်မတည့်မှုရှိရင် ချက်ချင်းရပ်ပစ်ရပါတယ်။ ဒါကြောင့် ဆေးပေးရာမှာ အထူးသတိထားရပါ့မယ်။

တီဘီအဆုတ်ရောဂါ ကုသရေးအတွက် ကျန်းမာရေးဝန်ထမ်းတွေရဲ့ ကြီးကြပ်ကွပ်ကဲ ကုသမှု အောက်မှာ တီဘီလူနာတွေ စနစ်တကျ မှန်မှန်ကန်ကန် ဆေးကုသဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဒီလိုမှ တိတိကျကျမလိုက်နာဘဲ ရောဂါဝေဒနာသက်သာလာတာကို ရောဂါပျောက်ကင်းပြီထင်ပြီး ဆေးမှန်မှန်မသောက်၊ မကုသရင်၊ ဆေးမတိုးတဲ့ပြဿနာ ပေါ်လာနိုင်ပါတယ်။ ခုဆိုရင် မဆင်မခြင် ဆေးကုသမှု ခံယူမှုတွေကြောင့် MDR-TB (Multiple Drug Resistance) သာမက XDR-TB (Extensively Drug Resistance) ခေါ် အဆင့်မြင့် ဆေးမတိုးမှုပြဿနာဟာ ထိုင်းနိုင်ငံ တပ်ခ် ခရိုင်အပါအဝင် နေရာအနှံ့နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပေါ်နေပါတယ်။ MDR-TB ဆိုတာ အနည်းဆုံး အိုက်ဆိုနိုင်ယာဇစ်နဲ့ ရီဖန်ပဆင်လို အစွမ်းထက်ဆေးတွေကို တီဘီပိုး ခံနိုင်ရည်ရှိတာဖြစ်ပြီး MDR-TB ဖြစ်ခဲ့ရင် အဆင့်မြင့် တီဘီဆေးအုပ်စုက ဆေးတွေ (2nd Line Drug) ကို သုံးရပါတယ်။ အဲဒီလို 2nd Line Drug ဆေးတွေကိုပါ တခါထပ်မံဆေးမတိုးတော့ရင် XDR-TB (Super Drug Resistance) (Extensively Drug Resistance) ဖြစ်ပြီး ပိုမိုပြင်းထန်တဲ့ ကုထုံးတွေနဲ့ ခက်ခဲစွာ ကုသရပါတယ်။ ဆေးတွေဟာ အင်မတန် ပြင်းထန်၊ ဘေးထွက်အာနိသင်များပြီး စျေးလည်းကြီးပါတယ်။ အကောင်းဆုံးကတော့ တီဘီ အဆုတ်ရောဂါမဖြစ်အောင် ကာကွယ်ဖို့ပါပဲ။ တီဘီရောဂါမဖြစ်အောင် ကာကွယ်နိုင်သလား မေးရင် ကာကွယ်နိုင်ပါတယ်လို့ ဖြေရပါမယ်။

ကာကွယ်ရေး

BCG ဆိုတဲ့ အဆုတ်ရောဂါ တီဘီကာကွယ်ဆေးကို ၁၉ဝ၉ ခုနှစ်မှာ စတင်တွေ့ရှိပြီး Calmette Guerin ဆိုတဲ့ တွေ့ရှိသူတွေရဲ့ အမည်ပါတဲ့ (Bacillus Calmette Guerin)- BCG ကို (၁၉၂၁) က စပြီး ကမ္ဘာတလွှား အသုံးပြုခဲ့တာ ယနေ့တိုင်ပါပဲ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွှန်ကြား ထောက်ခံချက်အရ ခုအခါမှာ မွေးစအရွယ်ကစပြီး ကလေးတိုင်းကို BCG ကာကွယ်ဆေး ထိုးနှံပေးနေ ပါတယ်။ အထူးသဖြင့် BCG ဟာ ကလေးသူငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ တီဘီဦးနှောက် အမြှေးရောင် ရောဂါ၊ Miliary TB ဆိုတာတွေကို ကောင်းစွာ ကာကွယ်ပေးပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၇ ခုနှစ် ဘန်ကောက်ပို့စ် သတင်းစာပါ သတင်းအရဆိုရင် ပိုမိုအစွမ်းထက်တဲ့ တီဘီကာကွယ်ဆေးအသစ် (MVA-85A) ဆိုတာ လာမည့် (၈)နှစ်အတွင်း ထွက်ပေါ်လာဦးမယ် ဆိုပါတယ်။ အချုပ်အားဖြင့်ဆိုရရင်တော့ အဆုတ်ရောဂါတီဘီဟာ သန့်ရှင်းစွာ နေထိုင်ခြင်း၊ တကိုယ်ရည် သန့်ရှင်းမှုကို ဂရုစိုက်ခြင်း၊ ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပုဝါ၊ တစ်သျှး၊ လက်၊ တံတောင်ဆစ်ကွေးတို့ဖြင့် ဖုံးအုပ် ပြုလုပ်ခြင်းဆိုတဲ့ ချောင်းဆိုးနှာချေ ယဉ်ကျေးမှုရှိခြင်း၊ တွေ့ကရာ တံတွေး မထွေးခြင်း၊ တီဘီရောဂါပိုး ရှိသူနဲ့ လက်ပွန်းတတီး အချိန်ကြာမြင့်စွာ နေထိုင်မှုမှ ရှောင်ခြင်း၊ ဆေးလိပ်အလွန်အကွၽံ ကြာမြင့်စွာ ရှူရှိုက်သုံးစွဲခြင်းမှ ရှောင်ကြည်ခြင်း၊ မကြာခဏ ဘာကိုပဲကိုင်ကိုင် လက်ကိုစင်ကြယ်စွာ ဆေးခြင်း၊ အာဟာရပြည့်ဝစွာ စားသုံးနေထိုင်ခြင်း၊ အိပ်ရေး ဝအောင် အိပ်စက်အနားယူခြင်း၊ ကိုယ်လက်လှုပ်ရှားအားကစား အစဉျပြုခြင်း စတဲ့ ကာကွယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ခြင်းဖြင့် ကာကွယ်ကြရန် တိုက်တွန်းရေးသားလိုက်ပါတယ်။„

’လူသားအားလုံး ကူးစက် ရောဂါဘေးမှ ကင်းဝေးပျော်ရွှင် ချမ်းသာသုခအပေါင်း ပြည့်ဝနိုင်ကြပါစေ’။

နိုက်တင်ဂေး ဂျာနယ် - အတွဲ (၁) အမှတ် (၂၀) ဒီဇင်ဘာ ၁၀၀၉

SPIP | template | | Site Map | Follow-up of the site's activity RSS 2.0