"The press is the enemy" Richard Nixon
HIV/AIDS Health Forum
Home page > ဆောင်းပါး > အိတ်ချ်အိုင်ဗွီ နှင့် အခွင့်အရေးယူတတ်သော ပိုးမွှားကူးစက်မှု (၄)

အိတ်ချ်အိုင်ဗွီ နှင့် အခွင့်အရေးယူတတ်သော ပိုးမွှားကူးစက်မှု (၄)

Thursday 5 November 2009, by Zinyaw

HIV/AIDS လူနာများအနေဖြင့် ၀မ်းပျက်၀မ်းလျောခြင်း ဖြစ်လျှင် မိမိတို့အား စောင့်ရှောက်ကုသပေးလျက်ရှိသော ဆရာ၀န်များထံ ချက်ခြင်းသွားရောက် ပြသရမည် ဖြစ်ပါသည်။


HIV/AIDS ဝေဒနာလူနာများတွင် ၀မ်းပျက်၀မ်းလျောခြင်းမှာ မကြာခဏ ကြုံတွေ့ကြရသော ပြဿနာဖြစ်သည်။ ၀မ်းပျက်၀မ်းလျောခြင်းကို ချက်ခြင်း (ရုတ်တရက်) ဖြစ်သော ၀မ်းပျက် ၀မ်းလျောခြင်းနှင့် နာတာရှည် ၀မ်းပျက်၀မ်းလျောဖြင့် (Acute Diarrhoea and Chronic Diarrhoea) ဟူ၍ နှစ်မျိုး ခွဲခြားကြည့်နိုင်သည်။

(က) ရုတ်တရက်ဖြစ်သော ၀မ်းပျက်၀မ်းလျောခြင်း လူနာ၏ အခြေအနေကိုကြည့်၍ ကုသမှုပေးကြရသည်။ လူနာသည် ဖျားခြင်း၊ ရေဓါတ်ချို့တဲ့ခြင်း၊ ၀မ်းဗိုက်တင်းခြင်း၊ ၀မ်း၌ သွေးပါခြင်း စသည်တို့မရှိလျှင် ၊ ဓာတ်ဆားရည် တိုက်ကျွေးထားပြီး စောင့်ကြည့်ရန်သာလိုအပ်သည်။ အကယ်၍ ဖျားခြင်း၊ ရေဓါတ် ခန်းခြောက်ခြင်း၊ ၀မ်းဗိုက်တင်းခြင်း၊ ၀မ်း၌သွေးပါခြင်း စသည်တို့ရှိလျှင် ပါးစပ်မှ ဓါတ်ဆားရည် သောက်စေခြင်း၊ အကြောမှ ရေဓါတ်ဖြည့်ပေးခြင်းနှင့် လိုအပ်သော ပဋိဇီ၀ ဆေးပေးရန် ဖြစ်ပါသည်။

(ခ) နာတာရှည်(သို့မဟုတ်) အမြဲတမ်း ၀မ်းပျက်၀မ်းလျောခြင်း တစ်နေ့လျှင် သုံးကြိမ်နှင့်အထက် ၀မ်းသွားပြီး အချိန်ကာလအားဖြင့် လေးပတ်ကျော်လာပြီဆိုလျှင် နာတာရှည်(သို့မဟုတ်) အမြဲတမ်း ၀မ်းပျက်၀မ်းလျောခြင်း (Chronic or Persistent Diarrhoea) ဟုသတ်မှတ်ပါသည်။ လူနာတွင် အောက်ဖော်ပြပါ အခြားလက္ခဏာ များနှင့် အခြေအနေများ ရှိမရှိကို သေချာစွာ စစ်ဆေးကြည့်ရန်လိုအပ်ပါသည်။

• ဖျားခြင်း

• သွေး (သို့မဟုတ်) အချွဲအကျိများ ၀မ်း၌ပါခြင်း

• ၀မ်းဗိုက်နာကျင်ခြင်း၊ အောင့်ခြင်း

• AIV အပါအ၀င် ဆေးဝါးများသုံးစွဲမှု

• ယခင်က ပဋိဇီ၀ဆေးသုံးစွဲမှု

• ယခင်က ဆေးရုံတက်ကုသဖူးခြင်း

HIV လူနာများအား ၀မ်းပျက်၀မ်းလျောဖြစ်ခြင်းမှ ကာကွယ်ရန် -

• တကိုယ်ရေသန့်ရှင်းမှု အထူးဂရုစိုက်စေရပါမည်။ လက်ဆေးသည့် အကျင့်သည် အရေးကြီးဆုံးဖြစ်ပါသည်။

• ရေကို ကျိုချက်သောက်သင့်ကြသည်။

• သေချာစွာ ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးကြရန်ဖြစ်သည်။

• သစ်သီးနှင့်ဟင်းသီးဟင်းရွက်များ စားသုံးရာတွင်လည်း သန့်ရှင်းသောရေဖြင့် စင်ကြယ်စွာ ဆေးကြောရန် ဖြစ်ပါသည်။

HIV/AIDS လူနာများအနေဖြင့် ၀မ်းပျက်၀မ်းလျောခြင်း ဖြစ်လျှင် မိမိတို့အား စောင့်ရှောက်ကုသပေးလျက်ရှိသော ဆရာ၀န်များထံ ချက်ခြင်းသွားရောက် ပြသရမည် ဖြစ်ပါသည်။

(Family Health Journal November 4, 2009)

HIV/AIDS အတွက် မျော်လင့်ချက်

အစားအစာများနှင့် လူသုံးကုန်ပစ်စည်းများတွင် တွေ့ရှိရသော ဂျဲလ် Gel တစ်မျိုးသည် မျောက်များတွင် HIV ဗိုင်းရပ်စ်ပိုးကူးစက်ခံရမှုကို ကာကွယ်နိုင်ကြောင်း၊ အလားတူလူများတွင်လည်း အာနိသင်ရှိမည်ဟု မျော်လင့် ရကြောင်း သုတေသန ပညာရှင်များက ဖော်ထုတ်ပြောကြားလိုက်သည်။

HIV ဗိုင်းရပ်စ်၏ မူရင်းအစမှာ မျောက်များတွင် ဖြစ်သော Simian Immunodeficoency Virus (SIV) ဗိုင်းရပ်စ် ဖြစ်ဖွယ်ရာရှိသည်။ SIV ဗိုင်းရပ်စ်မှာ လူတွင် ရောဂါ ဖြစ်စေသော HIV ဗိုင်းရပ်စ်သို့ ပြောင်းလဲသွားခြင်းဟု သုတေသန ပညာရှင်များက လက်ခံထားခဲ့ကြသည်။ SIV ဗိုင်းရပ်စ်သည် မျောက်များတွင် လိင်ဆက်ဆံခြင်းမှ တဆင့် ကူးစက်ပြီး၊ ခုခံစွမ်းအား ကျဆင်းစေကြောင်း တွေ့ရသည်။

သုတေသန ပညာရှင်များ တွေ့ရှိခဲ့သော ဓာတုပစ္စည်းတစ်မျိုးဖြစ်သည့် ဂျဲလ်သည် ရောဂါ ကူးစက်မှုကို မျောက်များတွင် ကာကွယ်မှု ပေးနိုင်သည်ဟု ဆိုပါသည်။ ယနေ့အချိန်တွင် HIV အတွက် ကာကွယ်ဆေးများ မရှိသေးသဖြင့် HIV ဗိုင်းရပ်စ်ကို ဖိနှိပ်ထားရန် အဓိက ဆောင်ရွက်နေရသည်။ အမြစ်ပြတ်ပျောက်အောင်လည်း စွမ်းဆောင်နိုင်ခြင်း မရှိသေးပေ။ ဖော်ပြပါ ဂျဲလ်သည် လူတို့တွင် မျောက်များကဲ့သို့ အကျိုးအာနိသင်ရှိမည်ဆိုပါက၊ ခုခံအားကျဆင်းမှု ကူးစက်ရောဂါကို ဖြစ်စေသော HIV ဗိုင်းရပ်စ်ပိုးကို ကာကွယ်တိုက်ဖျက်ရာတွင် အကျိုးရှိမည့် နည်းလမ်းသစ်တစ်ခု ဖြစ်နိုင်သဖြင့် ဆေးပညာအတွက် ဂုဏ်ယူ၀မ်းမြောက်ဖွယ်ဖြစ်ပါသည်။

ယနေ့အချိန်တွင် HIV နှင့် ပတ်သက်၍ ကာကွယ်ဆေးဖော်ထုတ်နိုင်ရေးနှင့် အမြစ်ပြတ် ပျောက်ကင်းစေ မည့် ဆေးဝါးများ ထုတ်လုပ်ရေးမှာ အရေးကြီးဆုံး လိုအပ်ချက်ဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

(Family Health Journal November 4, 2009)

SPIP | template | | Site Map | Follow-up of the site's activity RSS 2.0