Sunday 1 November 2009, by
ခုခံအားကျဆင်း လာချိန်မှာ အခြားသော အခွင့်အခါသင့်ရောဂါများ (Opportunistic Infections) ပေါ်ပေါက် လာပြီး အသက် အန္တရာယ်ကို ခြိမ်းခြောက်လာပါတယ်။ တီဘီ (TB)၊ ခုခံအား ကျဆင်းချိန် ဖြစ်ပွားသော နမိုးနီးယား (PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်းကြောင်း ပိုး၀င်ခြင်း (Bacterial Enteric Infection)၊ အကျိတ်ကင်ဆာများ (Non-Hodgkin Lymphoma & Kaposi’s sarcoma) အစရှိသဖြင့် အခွင့်အခါသင့် ရောဂါများ ဖြစ်ပွားလာပါတယ်။
See online : ခုခံအား ကျဆင်းသော ရောဂါ (HIV / AIDS)
HIV / AIDS ရောဂါဟာ တစ်ကမ္ဘာလုံးကို အန္တရာယ် ပြုနေဆဲ ရောဂါ (Pandemic diseases) များထဲမှ တစ်မျိုးအပါအ၀င် ဖြစ်ပါတယ်။ HIV ပိုးကို စတင်တွေ့ရှိခဲ့တဲ့ ၁၉၈၁ ခုနှစ်မှသည် ၂၀၀၆ ခုနှစ်ထိ လူ့အသက်ပေါင်း ၂၅ သန်းကျော် ဆုံးရှုံးစေခဲ့တဲ့ ကူးစက်ရောဂါလည်း ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် တစ်နှစ်ထဲမှာပင် လူဦးရေ ၂.၄ မှ ၃.၃ သန်းထိ သေဆုံးခဲ့ပါတယ်။
ယင်းထဲတွင် ကလေး ၅၇၀,၀၀၀ ကျော်ပ၀င်ပြီး သေဆုံးသူများရဲ့ သုံးပုံ တစ်ပုံဟာ ဆာဟာရ တောင်ပိုင်း အာဖရိက နိုင်ငံများမှဖြစ်ကြပါတယ်။ HIV ကူးစက်ခံရသူပေါင်းသည် ကမ္ဘာ့ လူဦးရေရဲ့ ၀.၆% ရှိနိုင်ကြောင်း ခန့်မှန်းထုတ်ပြန် ထားပါတယ်။
HIV ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာဖြစ်ပြီး AIDS ဆိုသည်မှာ HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါလက္ခဏာစု (Acquired Immuno-Deficiency Syndrome)ကို ခေါ်ဆိုတာဖြစ်ပါတယ်။ HIV ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စု၀င်ဖြစ်ပြီး HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲနှစ်မျိုးရှိပါတယ်။ HIV-1 ဟာ ပိုမို ပြင်းထန် ကူးစက်လွယ်ပြီး တစ်ကမ္ဘာလုံး ပျံ့နှံ့ကူးစက်နေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ HIV-2 ကတော့ ကူးစက်မှုနှုန်းနည်းပါးပြီး အဓိကအားဖြင့် အနောက်အာဖရိကမှာ အတွေ့များပါတယ်။
HIV ဗိုင်းရပ်စ် ကူးစက်ခံရပြီဆိုလျှင် လူ့ခန္ဓာကိုယ်တွင်း ခုခံမှုစနစ် (Immune System) တွင်ရှိ CD4 Cell (Helper T Cells) ကို အဓိကကူးစက် ဖျက်ဆီးပါတယ်။ ပုံမှန် ကျန်းမာသော လူတွင် CD4 Cell အရေအတွက်ဟာ သွေး တစ်မိုက်ခရိုလီတာမှာ ၁၂၀၀ (1200 cells/μl) ရှိပါတယ်။ HIV ဗိုင်းရပ်စ်က CD4 Cell များကို နည်းလမ်း (၃) သွယ်ဖြင့် တိုက်ခိုက် လျော့နည်း စေပြီး ခန္ဓာကိုယ် ခုခံမှုစနစ်ကို ကျဆင်းစေပါတယ်။
၁. HIV ဗိုင်းရပ်စ် က CD4 Cell ကို တိုက်ရိုက် ကူးစက်ဖျက်ဆီးခြင်း (Direct Viral Killing)
၂. HIV ဗိုင်းရပ်စ် ကူးစက်ခံရသော CD4 Cell များ၏ သက်တမ်းကုန်ဆုံးမှု မြန်လာခြင်း (Increased rates of apoptosis in infected cells)
၃. HIV ကူးစက်ခံရသော CD4 Cell များကို CD8 Cell များက ရန်သူပိုးမွှား ထင်မှတ်ပြီး မှားယွင်းတိုက်ခိုက်ခြင်း (Killing of infected CD4 T Cells by CD8 cytotoxic cells that recognize infected cells) တို့ကြောင့် CD4 Cell များ လျော့နည်း ကျဆင်းလာစေ ပါတယ်။
HIV ကူးစက်မှု ရှိ/မရှိ စစ်ဆေးရန် HIV antibody ကို လျှင်မြန်စွာ စစ်ဆေးပေးသော ကိရိယာ (Rapid HIV test) များဟာ နေရာအနှံ့ အလွယ်တကူ ရရှိနိုင်ပါတယ်။ အခြား စစ်ဆေး နိုင်သော စမ်းသပ်နည်းများကတော့ ELISA, Western Blot နည်းများဖြစ်ပါတယ်။ HIV ပိုး၀င် ရောက်ပြီး ချိန်မှ HIV antibody စတင် စစ်ဆေးတွေ့ရှိချိန်ထိ ကာလကို window period ဟု ခေါ်ပါတယ်။ ဒီကာလမှာဆိုရင် HIV ကူးစက် ခံရမှန်း မသိနိုင်တဲ့ အချိန်ဖြစ်ပြီး ထပ်မံ၍ အခြား သူသို့လည်း ကူးစက်နိုင်စွမ်းရှိပါတယ်။ ၉၉ ရာခိုင်နှုန်းသော HIV ကူးစက်ခံရသူများသည် ကူးစက်ခံရပြီး ၃ လ အကြာတွင် HIV antibody (HIV test) စစ်ဆေး တွေ့ရှိ နိုင်ပါတယ်။
ရောဂါ လက္ခဏာ များကို အဓိက (၄) ပိုင်း ခွဲခြား ထားပါတယ်..
၁. ရောဂါပျိုးခြင်း (Incubation Period)
* ဒီကာလဟာ ခန္ဓာကိုယ်တွင်း ရောဂါပိုး ၀င်ရောက်ပြီးနောက် ၂ ပတ်မှ ၄ ပတ်အတွင်း ရောဂါ ပျိုးချိန် (Incubation Period) ဖြစ်ပါတယ်။ ဒီအချိန်မှာဆိုရင် ဘာလက္ခဏာမှမပြ တတ်ပါဘူး။
၂. လတ်တလော HIV ပိုး ၀င်ရောက်ပြီး လက္ခဏာများ (Acute HIV Infection)
* HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၂ ပတ်မှ ၄ ပတ်အတွင်း ဖြစ်ပွားတတ်ပါတယ်။ ကူးစက်ခံရ သူများ၏ ၈၀% မှ ၉၀% သည် ဖျားခြင်း၊ အကျိတ်များပေါ်လာခြင်း၊ လည်ပင်းနာလာခြင်း၊ ကြွက်သား နာကျင်ကိုက်ခဲခြင်း၊ နုံးခွေတတ်ခြင်း၊ ပါးစပ်နှင့် လည်ချောင်းတစ်ဝိုက် နာကျင် တတ်ခြင်း စသည့် တုပ်ကွေး လက္ခဏာကဲ့သို့ ဖြစ်ပွားတတ်ပြီး အနည်းဆုံး တစ်ပတ်မှ ၄ ပတ်ထိ ကြာတတ်ပါတယ်။ ဒီလို လက္ခဏာတွေဟာ တုပ်ကွေးနဲ့ အခြားရောဂါပိုး၀င် လက္ခဏာ တွေနဲ့ တူတာကြောင့် HIV ပိုး ကူးစက် ခံရမှန်း ကွဲကွဲ ပြားပြား မသိနိုင်ပါဘူး။
၃. HIV ပိုးရှိပြီး လက္ခဏာ မပြသသော ကာလ (Latency Stage)
* ဒီကာလမှာဆိုရင် ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းမွန်လာလို့ ဗိုင်းရပ်စ် အကောင်ရေ လျော့နည်းနေသော အချိန်ဖြစ်ပြီး ကူးစက်ခံရသူ၏ ကိုယ်ခံအား အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး ၂ ပတ်မှ နှစ် ၂၀ ထိ ကြာမြင့် နိုင်ပါတယ်။
၄. ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါလက္ခဏာစု ပေါ်လာခြင်း (AIDS)
* ဒီအချိန်မှာဆိုရင် CD4 Cell အရေအတွက်ဟာ သွေး တစ်မိုက်ခရိုလီတာ မှာ ၂၀၀ အောက် ရောက်လာပြီး ခန္ဓာကိုယ် ခုခံအားလည်း ကျဆင်းလာပါတယ်။ အခုလို ခုခံအားကျဆင်း လာချိန်မှာ အခြားသော အခွင့်အခါသင့်ရောဂါများ (Opportunistic Infections) ပေါ်ပေါက် လာပြီး အသက် အန္တရာယ်ကို ခြိမ်းခြောက်လာပါတယ်။ တီဘီ (TB)၊ ခုခံအား ကျဆင်းချိန် ဖြစ်ပွားသော နမိုးနီးယား (PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်းကြောင်း ပိုး၀င်ခြင်း (Bacterial Enteric Infection)၊ အကျိတ်ကင်ဆာများ (Non-Hodgkin Lymphoma & Kaposi’s sarcoma) အစရှိသဖြင့် အခွင့်အခါသင့် ရောဂါများ ဖြစ်ပွားလာပါတယ်။
ခုခံအားကျဆင်းချိန်တွင် အများစု ခံစားရသော ရောဂါလက္ခဏာများမှာ
၁။ကိုယ်အလေးချိန် မူလထက် ၁၀% ကျော် ကျဆင်းခြင်း၊
၂။တစ်လ ထက်ကျော်၍ ၀မ်းလျောခြင်း၊
၃။တစ်လထက်ကျော်၍ ဖျားခြင်း၊ (တစ်သမတ်တည်း (သို့) အတက် အကျအားဖြင့် ဖျားတတ် ပါတယ်)
၄။မှက္ခရု ပေါက်လာခြင်း၊
၅။ကြာရှည်စွာ ချောင်းဆိုးခြင်း၊ မောလာခြင်း၊
၆။အကျိတ်များထွက်လာခြင်း၊ အစရှိသဖြင့် ဖြစ်တတ်ပါတယ်။
HIV ဗိုင်းရပ်စ် ကူးစက်နိုင်သော နည်းလမ်းများမှာ အများသိရှိပြီး ဖြစ်တဲ့အတိုင်း ရောဂါပိုး ရှိသူနှင့် လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း၊ ရောဂါပိုးရှိသူနှင့် ဆေးထိုးအပ် ဆေးထိုးပြွန် မျှေ၀သုံးစွဲခြင်း - ဆေးမင်ကြောင် ထိုးခြင်း - ဓါတ်အပ် စိုက်ခြင်း၊ ရောဂါပိုးရှိသော သွေး/ ခန္ဓာကိုယ် အရည်များမှ ထိခိုက်ဒဏ်ရာသို့ ထိမိ၍ ကူးစက်ခြင်း (ဥပမာ - ဆေးထိုး အပ်စူးမိခြင်း၊ ခန္ဓာကိုယ်ရှိ ပြတ်ရှဒဏ်ရာ - အခြား ဒဏ်ရာများကို သွေးထိမိခြင်း၊ မုတ်ဆိတ်ရိတ်ဓားမှတစ်ဆင့် ထိရှကူးစက်ခြင်း)၊ ကိုယ်၀န်ဆောင်မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊ စသည်တို့ ဖြစ်ပါတယ်။
HIV ကူးစက်ခံရခြင်းကို လုံး၀ပျောက်ကင်း စေနိုင်သောဆေးဝါးများ ယခုအချိန်ထိ မပေါ်သေးပါ။ ဗိုင်းရပ်စ် ပေါက်ပွားမှုကို ထိန်းချုပ်ပေးပြီး CD4 Cell အရေအတွက် ဆက်မလျော့ ကျစေခြင်းဖြင့် ရောဂါ ရှေ့ဆက်တိုးမှုကို ဟန့်တားသော ဆေးများသာရှိပါတယ်။ ဆေးကုသ ပေးရခြင်းရဲ့ ရည်ရွယ်ချက် ကတော့
* HIV ပိုးကြောင့် ခံစားရသော ရောဂေါ၀ဒနာများကို သက်သာစေရန် နှင့် ရောဂါ ပိုးအရေ အတွက်ကို လျော့ချပေးရန်၊ * လူနာ၏ သက်တမ်းကို ဆွဲဆန့်ပေးရန်၊ * လူနာ၏ ကျန်းမာရေးကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေရန် တို့ ဖြစ်ပါတယ်။