Sunday 25 October 2009, by
ဆစ်ဖလစ်ကို ဖြစ်စေတာက Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ကူးစက်တာကတော့ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်တာပါ။ ရောဂါပိုး ရှိတဲ့သူနဲ့ လိင်ဆက်ဆံပြီး ၁၀ ရက်ကနေ ရက် ၉၀ ၊ အများအားဖြင့် ၃ ပတ်လောက်မှာ ပထမဆုံး ရောဂါလက္ခဏာပြတတ်ပါတယ်။
See online : ကာလသားရောဂါ ( Syphilis )
ကာလသားရောဂါဆိုတာ လိင်ဆက်ဆံတာကနေ ကူးစက်တက်တဲ့ ရောဂါတွေထဲက ရောဂါတစ်ခုပါ။ Sexually Active ဖြစ်တဲ့အရွယ်၊ စမ်းသပ်ချင်ကြတဲ့ ကာလသားလေးတွေမှာ ဖြစ်တက်တဲ့ ရောဂါတစ်ခုမို့လို့ ကာလသားရောဂါလို့များ နာမည်ပေးခဲ့လားမသိ။ ဆေးပညာ ခေါ်အဝေါ်ကတော့ (Syphilis ) လို့ခေါ်ပါတယ် ။
ကာလသားရောဂါဆိုတာ
ကာလသားရောဂါကိုတော့ ကြားဖူးပေမယ့် ဘာလဲဆိုတာ သေသေချာချာမသိကြပါဘူး။ ကာလသား ရောဂါကို ကုသလို့ ရပါတယ်။ AIDS လိုတော့ မဟုတ်ပါဘူး ဆေးရှိပါတယ်။ ဒါပေမယ့် မကုပဲနဲ့ ပျောက်သွားလို့ ကြောက်စရာကောင်းပါတယ်။ ရောဂါပျောက်သွားတာတော့ မဟုတ်ပါဘူး။ ရောဂါလက္ခဏာတွေ ပျောက်သွားတာပါ။
ကဲတုန်းက ကဲပြီး ဖြစ်လာတော့ သူများကိုလဲ မသိစေချင် ၊ ဘယ်သူ့ကိုပြရမလဲ စဉ်းစား နေတုန်းမှာပဲ ပျောက်သွားတာမို့လို့ မသိလိုက် မသိဘာသာနေရင်း ရောဂါဆိုးတဲ့ အခြေအနေကို ရောက်သွားတာ၊ နောက်ထပ် မိမိနဲ့ လိင်ဆက်ဆံတဲ့ သူတွေဆီကို ကူးစက်စေတာတွေ ဖြစ်တတ်ပါတယ်။
ဆစ်ဖလစ်ကို ဖြစ်စေတာက Treponema pallidum ဆိုတဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ ကူးစက်တာကတော့ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်တာပါ။ ရောဂါပိုး ရှိတဲ့သူနဲ့ လိင်ဆက်ဆံပြီး ၁၀ ရက်ကနေ ရက် ၉၀ ၊ အများအားဖြင့် ၃ ပတ်လောက်မှာ ပထမဆုံး ရောဂါလက္ခဏာပြတတ်ပါတယ်။
ဒါကို Primary Syphilis လို့ခေါ်ပါတယ်။ ရောဂါပိုးစ၀င်တဲ့ နေရာမှာအနာဖြစ်တာပါ။ အထူးသဖြင့် လိင်အင်္ဂါတွေမှာဖြစ်တာပါ။ လိင်ဆက်ဆံမှု ပြုလုပ်တဲ့ နေရာပေါ်မူတည်ပြီး အမျိုးသားလိင်တံ၊ အမျိုးသမီး အင်္ဂါ၊ စအို ၊ ပါးစပ် အစရှိတဲ့ နေရာတွေမှာ အနာဖြစ်တာပါ။ ပေါင်က လင့်အကျိတ်တွေလဲ ရောင်တက်ပါတယ်။ chancre လို့ခေါ်တဲ့ ဒီအနာတွေဟာ နာကျင်ခြင်းမရှိပါဘူး။ ဆေးမကုဘဲနဲ့ မကြာခင်မှာအနာကျက်သွား၊ ပျောက်သွားတက်ပါတယ်။
Secondary syphilis နောက်ထပ်၆ ပတ်ကနေ ၈ ပတ်လောက်ကြာတဲ့အခါမှာ ရောဂါလက္ခဏာပြန်ပေါ်လာပါတယ်။
• ဖျားနာတာ
• ပင်ပန်းနွမ်းနယ်တာ
• ကိုယ်မှာ အနီရောင် အညိုရောင် အကွက်တွေ ပေါ်လာတာ
• လက်ဖဝါး ၊ ခြေဖဝါးတွေမှာ အနာပေါက်လာတာ တွေဖြစ်တက်ပါတယ်။
ဒီတခါလည်းဆေးမကုပဲ မကြာခင်ပြန်ပျောက်သွားတက်ပါတယ်။
Latent syphilis
ဒီကာလက Secondary syphilis ဖြစ်ပြီးတဲ့ နောက်ပိုင်း သွေးစစ်ကြည့်ရင် ရောဂါတွေ့ရပြီး ရောဂါလက္ခဏာမပြတဲ့ ကာလဖြစ်ပါတယ်။
Tertiary syphilis
ဒီတခါတော့ ပထမဆုံးအနာဖြစ်ပြီး ၁ နှစ်ကနေ ၁၀ ကြာတဲ့အခါ ပြန်ဖြစ်တာပါ။ တခါတလေနှစ် ၅၀ လောက်အထိကြာနိုင်ပါတယ်။ ရောဂါပိုးက ကိုယ်နေရာအနှံ့ပြန့်ကုန်ပြီး အကျိတ်လို granulomas လို့ခေါ်တဲ့ အလုံးအဖုတွေနဲ့ ရုပ်ပျက်ဆင်းပျက်ဖြစ်နိုင်ပါတယ်။ နှလုံးနဲ့ သွေးကြောတွေကို ထိခိုက်ပြီး နှလုံးရောင်တာ ၊ နှလုံးက အဆို့ရှင်တွေ ရောင်ရမ်းတာ၊ သွေးကြောတွေကို ထိခိုက်တာတွေ ဖြစ်နိုင်ပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကိုထိခိုက်ပြီး ထုံတာကျင်တာ၊ အကြောဆွဲတာ ၊ မှတ်ဥဏ်ချို့ယွင်းတာ ၊ တစ်ပိုင်းသေတာ အစရှိသဖြင့် ဖြစ်နိုင်ပါတယ်။
ဆေးစစ်ခြင်း
ကိုယ့်အကြောင်းကို အသိဆုံးမို့လို့ မသင်္ကာဘူးဆိုရင် ဆေးစစ်ကြည့်ပါ ။ ကာလသား ရောဂါအတွက် Venereal Disease Research Laboratory (VDRL test) စစ်ဆေးကြည့်လို့ရပါတယ်။ တခြားစစ်ဆေးမှုတွေထက် စျေးနှုန်းသက်သာပေမယ့် တိကျမှု နည်းပါတယ်။ တိတိကျကျ အဖြေသိချင်ရင်တော့ Treponema pallidum hemagglutination assay (TPHA) နဲ့ စစ်ဆေးဖို့လိုအပ်ပါတယ်။
ကာကွယ်ခြင်း
ကာကွယ်ဖို့အတွက်ကတော့ လိင်ဆက်ဆံတာကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်တာမို့ ဘာလုပ်ရမယ်ဆိုတာကို အထူးပြောစရာမလိုပါဘူး။ အကယ်လို့များ မရှောင်နိုင်ဘူးဆိုရင် အကာအကွယ်ပစ္စည်း ( Condom )ကို စနစ်တကျ နည်းလမ်းမှန်မှန်နဲ့ အသုံးပြုဖို့ လိုအပ်ပါတယ်။
ကုသခြင်း
ဆစ်ဖလစ်ကို ပင်နယ်စလင် ( Penicillin) နဲ့ ကုသဖို့လိုအပ်ပါတယ်။ ပင်နင်စလင်ထိုးဆေးဟာ မတည့်တဲ့့သူတွေရှိတာမို့ သေချာစမ်းသပ်ပြီးမှ ထိုးဖို့လိုအပ်ပါတယ်။ ပင်နင်စလင်နဲ့ မတည့်သူတွေ ( Penicillin Allergy ) အတွက် အခြားပဋိဇီ၀ဆေးတွေနဲ့ ကုသလို့ရပါတယ်။ ဆရာ၀န်ရဲ့ ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန် ဆေးသောက်၊ ဆေးထိုးခံဖို့ အရေးကြီးပါတယ်။ ဆေးကုနေစဉ် လိင်ဆက်ဆံခြင်းကို ရှောင်ဖို့လိုအပ်သလို၊ မိမိရဲ့ လိင်ဆက်ဆံဖက် ဇနီးမယား ခင်ပွန်းကိုလည်း တပြိုင်နက်ဆေးကုခံဖို့ အရေးကြီးပါတယ်။ ဆေးကုသမှုကာလ ကြာမြင့်ချိန်ကတော့ ရောဂါအနုအရင့်ပေါ် မူတည်ပါတယ်။ ကိုယ်၀န်ဆောင်မိခင်မှာ ရောဂါဖြစ်ပွားနေရင်တော့ ကိုယ်၀န်ဆောင်ချိန် အတွင်းမှာကို ကုသမှု ခံယူရပါမယ်။ မွေးကင်းစ ကလေးအတွက်လည်း ( Congenital Syphilis ) ကုသဖို့ လိုအပ်ပါမယ်။
ကာလသားရောဂါနဲ့ ပတ်သတ်ပြီး အနှစ်ချုပ်ပြောရရင်တော့့
၁)လိင်ဆက်ဆံတာကနေတဆင့်ကူးစက်တက်တာပါ။
၂)လိင်ဆက်ဆံပြီး ၃ ပတ်လောက်မှာ လိင်အင်္ဂါမှာ မနာမကျင် အနာလေးတွေပေါ်ပြီး ဆေးမကုဘဲ ပျောက်သွားခဲ့ဘူးတယ်ဆိုရင် ဆေးစစ်ကြည့်လိုက်ပါ။
၃)VDRL test ဒါမှမဟုတ် TPHA test စစ်ဆေးကြည့်လိုက်ပါ။
၄)လိုအပ်တယ်ဆိုရင် ဆေးကုသမှုခံယူလိုက်ပါ။
၅)အခု လိင်ကတဆင့် ကူးစက်တက်တဲ့ ကာလသားရောဂါအကြောင်း သိသွားပြီဆိုတော့ အလိုကိုဦးစားမပေးပဲ အသိတရားနဲ့ ရှောင်ကြဉ်ဖို့၊ မရှောင်နိုင်ခဲ့ရင် မိမိဘ၀အတွက် အကာအကွယ် ပစ္စည်းသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။